ပြီးခဲ့သည့်သောကြာနေ့ (ဧပြီ ၉ရက်)က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် ဖူလ်ဟမ် (၀-၁) ဝုလ်ဗ်ပွဲမှ VAR နှင့် ကွင်းလယ်ဒိုင် ဂျွန်မော့စ်တို့ ၏ဆုံးဖြတ်ချက်အား BT Sport ရုပ်သံဘောလုံးဝေဖန်သူ ပီတာခရော့ချ်က ပြင်းပြင်းထန်ထန်ဝေဖန်ပြောကြားခဲ့သည်။
ယင်းပွဲ၏ ပွဲချိန်(၄၅+၂)မိနစ်တွင် ဝုလ်ဗ်အသင်းသွင်းယူသော ခေါင်းတိုက်ဂိုးတစ်ဂိုးကို လူကျွံဘောအကြောင်းပြချက်ဖြင့် VAR နှင့်ကွင်းလယ်ဒိုင်တို့က ပယ်ချခဲ့ခြင်းအပေါ် ပီတာခရော့ချ်က ဝေဖန်ခဲ့ခြင်းဖြစ်သည်။

ဝုလ်ဗ်အသင်းအတွက် ဘရာဇီးလ်တိုက်စစ်မှူး ဝီလီယံဂျိုဆေးက လွတ်လွတ်ကျွတ်ကျွတ်ခေါင်းတိုက် ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ၎င်းထံသို့ ဘောလုံးမရောက်မီ ဝုလ်ဗ်ကွင်းလယ်လူ ပိုဒန့်မှာ လူကျွံနေသည်ဟု VAR က သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ရုပ်သံပြကွက်များအရ ပိုဒန့်၏ဘယ်ဘက်လက်အနည်းငယ်သာ လူကျွံအနေအထားတွင်ရှိနေပြီး ၎င်းမှာ ကစားကွက်တွင် ပါဝင်ပတ်သက်နေသည့် အခြေအနေမျိုးမရှိ၍ ဂိုးမပေးသည့်ဆုံးဖြတ်ချက်အပေါ် ပီတာခရော့ချ်က ဝေဖန်ခဲ့ခြင်းဖြစ်သည်။
”တကယ်လို့ ကျွန်တော်သာ ဝီလီယံဂျိုဆေးဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော် အလွန်အမင်းဒေါသထွက်မိမှာ အမှန်ပါပဲ။ သူ့အနေနဲ့ ဂိုးမသွင်းနိုင်ခဲ့တာ (၁၁)ပွဲအထိ ရှိသွားခဲ့ပါပြီ။ ဒီပွဲမှာ သူဟာ ဒါကို (ဂိုးမရရှိခြင်း)အဆုံးသတ်ခဲ့ပြီး ခေါင်းတိုက်ဂိုးတစ်ဂိုးလှလှပပ သွင်းယူနိုင်ခဲ့တာပါ”ဟု ပီတာခရော့ချ်က ဝေဖန်ပြောကြားခဲ့သည်။








